ကျောင်းကုန်း၌ ရုံးတော-ပုဂံစု-ကျုံတာဖျား လမ်းခင်းမည့် အခြေအနေ ဒေသခံများအား ရှင်းလင်း

ကျောင်းကုန်း  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရုံးတောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ရုံးတော-ပုဂံစု-ကျုံတာဖျားလမ်း ကွန်ကရစ်ခင်းမည့် အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ဒေသခံများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆုသီရိမွန် က ကွန်ကရစ်ခင်းမည့် အခြေအနေ ရှင်းလင်း ပြောကြားပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း က ကွန်ကရစ် လမ်းခင်းရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှောင်ကွင်းလမ်း စနစ်တကျ ပေးထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက တင်ဒါအောင်မြင်သော ကုမ္ပဏီက လုပ်ငန်းဒီဇိုင်းနှင့် အချက်အလက်များ ဗွီနိုင်း ထောင်ပေးရမည်ဖြစ်ကြောင်း၊ လမ်းအရည်အသွေး ကြီးကြပ်ရေး ကော်မတီမှ ဝိုင်းဝန်းကြီးကြပ် ပေးစေလိုကြောင်း ပြောကြားပြီး၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က နိုင်ငံတော်အစိုးရ ဘတ်ဂျက်လုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခြင်းဖြင့် အစိုးရ၏ လုပ်ငန်းများအပေါ် နားလည်သဘောပေါက်၍ လုပ်ငန်း ကြီးကြပ်ရာတွင် လွယ်ကူနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်း ပြီးစီးပါက ရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ကျေးလက်လမ်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်လာမှာ ဖြစ်ကြောင်း၊ ကလေးငယ်များ လူ့စွမ်းအား အရင်းအမြစ် ကောင်းအောင် ပျိုးထောင်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်ဝင်း က ရှောင်ကွင်းလမ်းကို စနစ်တကျပေးမှ လမ်းကိုထိခိုက်မှု နည်းစေမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ရုံးတော-ပုဂံစု-ကျုံတာဖျား လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းသည် လမ်းအရှည်(၁)မိုင်၊ အကျယ် (၁၂)ပေ နှင့်ထု(၇)လက်မဖြင့် "လာဘ်မိုးသဲ"ကုမ္ပဏီမှ တင်ဒါအောင်မြင်ငွေ (၂၇၈)သန်းဖြင့် ခင်းကျင်း သွားမည်ဖြစ်ပြီး၊ ပြည်သူ့ဘဏ္ဏာငွေဖြင့် ခင်းမည့်လမ်းကိစ္စကို ပြည်သူတွေ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုလာရောက် ရှင်းပြရခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)