ရေတိုက်စားမှုကြောင့် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အဝင်လမ်းမပေါ်မှ တံတားကျိုးကာ ရေစီးထဲ‌မျောပါ

ညောင်လေးပင် ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ပိန်းဇလုပ်မြို့တွင်  ဩဂုတ်လ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန်က ပိန်းဇလုပ်မြို့ တိုက်နယ် ဆေးရုံရှေ့ မြို့အဝင်လမ်းမပေါ်ရှိ တံတားကျိုးကျကာ ရေစီးထဲမျောပါ သွားကြောင်း သိရသည်။

အဆိုပါတံတားမှာ အလျား(၁၅)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၀)ပေခန့်ရှိ ကွန်ကရစ်တံတားဖြစ်ပြီး ရေတိုက်စားမှု ကြောင့် ကျိုးကျကာ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ကွန်ကရစ်တံတား ကျိုးကျမှုကြောင့် ပိန်းဇလုပ်မြို့သို့ ဝင်/ထွက်ရာလမ်းမှာ သွားလာမရတော့သဖြင့်  ပိန်းဇလုပ်မြို့တွင် နေထိုင်ကြသည့် ပြည်သူများမှာ ကင်းပွန်းခြုံ‌ ကျေးရွာဘက်မှ  သွားလာနေရပြီး လူနှင့်ယာဉ်များသွာလာရေး အဆင်ပြေစေရန် ယာယီသံဘေလီတံတား ပြုလုပ် နေကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ပိန်းဇလုပ်မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းနှစ်ခုနှင့် ရေဘေးကွပ်ကဲရေးစခန်း တစ်ခု ဖွင့်လှစ်ထား ပြီး  ရေဘေးသင့်အိမ်‌ထောင်စု ၁၀၇၉ စု၊ ရေဘေးသင့်ပြည်သူ ၅၃၁၄ ဦး ရှိကြောင်း၊ ရေပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)