ပခုက္ကူ ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၌ ဧပြီလ ၁ ရက် နံနက် ၁၁နာရီ ၃၂ မိနစ်အချိန်ခန့်က အဲယားကွန်း Safe Guard အပူလွန်ကဲရာမှတစ်ဆင့် ကုန်စုံဆိုင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ထင်းတန်းလမ်းနှင့် သီရိစန္ဒာလမ်းထောင့်ရှိ ဦးစိုးအောင်ပိုင်ဆိုင်သော (၃၃x၄၃)ပေ သွပ်မိုး၊ သွပ်ကာ၊ ဟော်လိုအဆောက်အအုံတွင် ရွှေပြည်အောင်အမည်ဖြင့် ကုန်စုံဆိုင်ငှားရမ်းဖွင့်လှစ်သော ဦးရဲနိုင်အောင်၏ ဆိုင်ခန်းအတွင်း အိပ်ခန်းရှိ အဲယားကွန်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသန်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ မီးသတ်ရေသယ်ယာဉ် ခြောက်စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ အမြုပ်မီးသတ်ဆေးရည် (၁၅)ဂါလန်၊ ရေဂါလန် ၂၀၀၀၀ ခန့်အသုံးပြု၍ ခရိုင်ရဲတပ်မှူး ဒုတိယရဲမှူးကြီး သန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်လင်းဆွေ၊ မြို့မစခန်းမှူး ဒုတိယရဲမှူးအောင်ကျော်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)