ညောင်လေးပင် ဧပြီ ၃
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆)ရက်နေ့မှ (၁၆.၄.၂၀၂၆)ရက်နေ့အထိ ညောင်လေးပင်မြို့နယ်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။
ယခုနှစ်အခါတွင် ညောင်လေးပင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များဆောင်ရွက်ခြင်း၊ စတုဒီတာများကျွေးမွေးဧည့်ခံခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်ကို ခရိုင်စုပေါင်းရုံးရှေ့၌ ပေ(၈၀)ပတ်လည်မဏ္ဍပ်အား ဆောက်လုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးယိမ်း(၁၃)ယိမ်း၊ ခေတ်ပေါ်တေးဂီတများဖြင့် အလှည့်ကျဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်သည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ခရိုင်စုပေါင်းရုံးရှေ့ ဖျော်ဖြေရေးမဏ္ဍပ် ရန်ကုန်-မန္တလေးကားလမ်းမကြီး၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖျော်ဖြေရေးယိမ်းအဖွဲ့(၁၃)ယိမ်းရှိ လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ရေး ယိမ်းအကများ လေ့ကျင့်ဆောင်ရွက်လျက်ရှိနေကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)