ထန်းတပင်(ပဲခူး) ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးချိပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် တတ်နိုင်သမျှ အရိပ်ရသော နေရာများတွင်သာနေပါ၊ မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ၊ မဖြစ်မနေအပြင်သွားရပါက ထီး၊ ဦးထုပ်ဆောင်းပါ၊ ရေများများသောက်ပါ၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ၊ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ပါ၊ အပူဒဏ်အန္တရာယ်ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း စသည့် အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လိုက်နာရန်အချက်များ၊ ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)