ထားဝယ်မြို့ ရှင်မုတ္ထီးမြို့ဟောင်းနှင့် ပတ်သက်သည့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်  ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှင်မုတ္ထီးမြို့ဟောင်းနှင့် ပတ်သက်သည့်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ရှင်မုတ္ထီးဘုရား ကြီး၊ ဓမ္မာရုံ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်က ရှင်မုတ္ထီးမြို့ဟောင်းသည် တနင်္သာရီတိုင်းဒေသကြီး၏ ရှေးဟောင်းသမိုင်းဝင်ရှင်ကိုးရှင်ထဲတွင်ပါဝင်နေခြင်း၊ ရှေးမင်းအဆက်ဆက်တို့၏နန်းတော်မြို့ရိုး ၊ ကျုံး၊ ခံတပ် စသည့်တို့ပါဝင်သော မြို့အင်္ဂါရပ်အညီ ထီးနန်းစိုက်စိုးစံခဲ့ သည့်နေရာဖြစ်ကြောင်း၊ မိမိဒေသရှိ ခရီးသွားရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ခရီးသွားလုပ်ငန်းအတွက် ကြည့်ရှု့လေ့လာရန်နေရာများဖော်ထုတ်ရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စီးပွားရေးအဆင်ပြေစေရန်ရည်ရွယ်၍ လုပ်ဆောင်သွားရန် လိုကြောင်း၊ ရှင်မုတ္ထီးမြို့ဟောင်းဒေသအား ယဉ်ကျေးမှုဇုန်နယ်မြေအဖြစ်သတ်မှတ်ဆောင်ရွက်နိုင်ရန် ရှင်မုတ္ထီးကျေးရွာအုပ်စု ၏နာယကဆရာတော်များ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအမွေအနှစ်စိတ်ဝင်စားသူများ၏ဆန္ဒနှင့်အညီ လုပ်ဆောင်သွားနိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထိုနောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ (ထားဝယ်ဌာနခွဲ )တိုင်းတာဝန်ခံ ဦးခင်မောင်စိုး က ကမ္ဘာ့မှတ်တမ်းဝင် အမွေအနှစ်များအကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်းခံရသော မြို့များအကြောင်းနှင့် အစည်းအဝေး ခေါ် ယူရခြင်းအကြောင်းအားရှင်းလင်းပြောကြားပြီး ရှင်မုတ္ထီးဘုရားကြီး ဆရာတော်ဘဒ္ဒန္တမေဓာက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများထိန်းသိမ်းကာကွယ်ခြင်းနှင့် ပတ်သက်၍ မိန့်ကြားကာ တက်ရောက်လာသော ဒေသခံပြည်သူများက ကျေးရွာရှိရှေးဟောင်းယဉ်ကျေးမှုနေရာများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရှင်မုတ္ထီးဘုရားကြီးဆရာတော်နှင့်ရပ်မိရပ်ဖများ၊ ကျေးရွာရှိဒေသခံပြည်သူများတက်ရောက် ခဲ့ကြောင်းသိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)