ဝေါ ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင် တော်မူကြသော ( အလတ်တန်း၊ အငယ်တန်း၊ မူလတန်း) သံဃာတော်များအား စာအောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ) ဥက္ကဋ္ဌ ဆရာတော်၊ ကင်မွန်းကန်ကျောင်း ပဓာနနာယက ဆရာတော် ဥုးဇဝနထံမှ ငါးပါးသီလခံယူပြီး၊ ဗဟိုလ်သံဃဝန်ဆောင် ဒလနွမ်းကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသထံမှ သြဝါဒကထာနာကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က သာသနာရေးကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော် (၁၄) ပါးမှ ပထမကြီးတန်းအောင် (၁) ပါး၊ ပထမလတ်တန်းအောင် (၁)ပါး၊ ပထမငယ်တန်းအောင် (၇)ပါး၊ အခြေပြုမူလတန်းအောင် (၅)ပါးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အုတ်တွင်းကျောင်းတိုက် ဆရာတော် ဥူးဇနကထံမှ အနုမောဒနာနှင့် ရေစက်ချတရားဟောကြားခဲ့ပြီး၊ တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)