ဖောင်းပြင် ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာကာ မြို့ပေါ်ရပ်ကွက်များသို့ လာရောက်တိမ်းရှောင်နေကြသည့် ကျေးရွာနေပြည်သူများကို တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်မှ လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မတ် ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က ထောက်ပံ့ငွေများပေးအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ထောက်ပံ့ငွေများကို ပေးအပ်ရာ မင်းကွန်းဓမ္မရိပ်သာ၊ ရာဇမုနိစာသင်တိုက်၊ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃၆၇)ခြေမြန်တပ်ရင်း၊ အမှတ်(၃၆၈)ခြေမြန်တပ်ရင်း၊ မြို့နယ်အားကစားခန်းမ၊ အောင်မင်္ဂလာဇာတ်ရုံနှင့် မြို့ပေါ်ရပ်ကွက်များတွင် လာရောက်တိမ်းရှောင်နေကြသည့် နေရပ်စွန့်ခွာပြည်သူ ၃၄၅၁ ဦးအား တစ်လလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ ၃ လစာအတွက် စုစုပေါင်းငွေကျပ် ၂၀၇၀၆၀၀၀၀ ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)