လက်ပံတန်းမြို့နယ်တွင် ဆောင်းသီးနှံ မတ်ပဲမျိုးစေ့ထုတ်နည်း ပညာပေးသင်တန်းဖွင့်

လက်ပံတန်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီးနှံ မတ်ပဲမျိုးစေ့ ထုတ်နည်း ပညာပေးသင်တန်း ကို ယမန်နေ့က ချမ်းသာကုန်း တောင်သူပညာပေးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် ဆောင်းသီးနှံစိုက် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် တာဝန်ရှိသူများက ဆောင်းသီးနှံ စိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု အခြေအနေအား သိရှိစေရန်၊ မိတ်ဆွေပိုး၊ အဖျက်ပိုး ခွဲခြားတတ်စေရန်၊ သီးနှံအထွက်တိုး စေရန်နှင့် ပဲတီစိမ်း မတ်ပဲ အဝါရောင် မိုစေ့ဗိုင်းရပ်ရောဂါ ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ၊ တမာပိုးသတ်ဆေး ပြုလုပ်နည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်တန်းသို့ ဆောင်းသီးနှံစိုက်တောင်သူ ၃၀ ဦး တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တစ်ရက်တာ သင်တန်းကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး