မော်လမြိုင်ကျွန်း ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီဆိုင်များအနေဖြင့် မော်တော်ယာဉ်များအဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဝယ်ယူ ကြသူများအနေဖြင့် စနစ်တကျ ဝယ်ယူစေရေး၊ ဆီတန်းစီဝယ်ယူမှုကြောင့် လမ်းပိတ်ဆို့ခြင်း၊ သတ်မှတ်ချက်များနှင့်မလျော်ညီစွာ ဝယ်ယူခြင်းစသော မလိုလားအပ်သည့် အခြေအနေများ မဖြစ်ပွားစေရေးအတွက် ယနေ့နံနက်ပိုင်းကစတင်၍ စက်သုံးဆီဆိုင်များသို့ လှည့်လည်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမင်းဇော်လတ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျ ဆီတန်းစီဝယ်ယူစေရေး၊ ယာဉ်ကြောနှင့် လမ်းပတ်ဆို့မှုမရှိစေရေး၊ စုံ၊ မရက်အလိုက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆီဝယ်ယူနိုင်ရေးအတွက်စသည့် ကြီးကြပ်မှုလုပ်ငန်းစဉ်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်