ကလေးဝ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၁၃၈၈ ခုနှစ် အတာသင်္ကြန်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချင်းတွင်းဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းကြီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများက နိုင်ငံတော်အလံအားအလေးပြု၍ အားကစားအဓိဋ္ဌာန်ကို ရွက်ဆိုခဲ့ကြသည်။
ထိုနောက်မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ချင်းတွင်းဖလားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ချင်းတွင်းဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ အသင်း ၈ သင်းပါဝင်ယှဥ်ပြိုင်ကာ ၄ သင်းတစ်အုပ်စုဖြင့် အုပ်စုနှစ်စုခွဲကာ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယနေ့ညနေတွင် ရွှေတာယာအသင်းနှင့် Brother အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)