ပလောက် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောက်မြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်းကို ဧပြီလ (၂) ရက်နေ့မှ (၄) အထိသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ပန်းချီဆရာမ ဒေါ်ပန်းနုဆွေက အခြေခံပန်းချီပညာရပ်များဖြစ်သည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ အနီးအဝေး၊ အနိမ့်အမြင့်၊ လူပုံရေးဆွဲခြင်းအဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၂၅ ဦးတို့ဖြင့် သင်ကြားပို့ချလျက်ရှိပြီး ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)