ညောင်တုန်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်၍ ကရင်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီက အမှတ် (၇) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးရှေ့ မျက်နှာစာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ မန်းအောင်မျိုးဦးနှင့်ကော်မတီအဖွဲ့ဝင်များ၊ ကရင်လူငယ်များ စုစုပေါင်း ၂၅ ဦးခန့်တက်ရောက် အလေးပြုခဲ့ကြသည်။
အခမ်းအနားတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော သဝဏ်လွှာအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်က ဖတ်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ ပေးပို့သော သဝဏ်လွှာအား ကရင်လူငယ် စကျော်သူရက ဖတ်ကြားပြီး ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ (ရန်ကုန်) မှ ပေးပို့သော သဝဏ်လွှာအား နန့်ဆန်းသီတာဦးက ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာစည်းကမ်းချက်များနှင့် ညွှန်ကြားချက်များ အတိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)