မြန်အောင် ဩဂုတ် ၅
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင် မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင် ပန်းခြံအနီးကမ်းပြိုမှု ဖြစ်ပေါ်နေ၍ ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ ဆက်လက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်စီမံမှုဖြင့် ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ကမ်းစားမှုကာကွယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ရေပေါ်ရေ လွဲတန်းချခြင်း၊ အရေးပေါ် ကာကွယ်ရေးလုပ်ငန်း (Floating Unit ) ဆောင်ရွက်ခြင်း၊ ကမ်းပြိုမှု ဖြစ်ပေါ်နေသောနေရာတွင် ရေကာတန်းရိုက်ခြင်းစသည့် ကမ်းပြိုကမ်းစားမှုကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်သည်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် လွန်ဆေးမြိုင်ပန်းခြံအနီး အလျား ပေ ၃၀၀၊ အနံ ၃၀ ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်းနှင့် ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏ စိုးရိမ်ရေမှတ်မှာ (၆၇.၀၀)ပေ ဖြစ်ပြီး ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ရေမှတ်မှာ (၆၈.၂၅)ပေ ရှိကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
ဝင်းဗိုလ် (မြန်အောင်)