မကွေး ဧပြီ ၁
၁၃၈၇ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် ကမ်းနားလမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ We Love Magway အနီး ကျောက်သားဥယျာဉ်ပန်းခြံမှ ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရပ်ကွက်ယိမ်းအကအဖွဲ့ (၇) ဖွဲ့၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့ (၁၁) ဖွဲ့ စုစုပေါင်း ယိမ်းအကအဖွဲ့ (၁၈) ဖွဲ့များမှာ သက်ဆိုင်ရာနေရာအသီးသီးတို့တွင် အဖွဲ့လိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက် ရှိကာ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့်အပြင် စက်သုံးဆီသုံးစွဲမှုနှင့် ကုန်ကျစရိတ်များကို ချွေတာသည့်အနေဖြင့် ဧရာဝတီမြစ်အတွင်းမှ ရေများကို ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေတင်ယူကာ လာရောက်ရေကစားသူများအား စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)