မင်းလှမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မင်းလှ ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ အမှတ်(၂)ရပ်ကွက်၊ ကန်ကြီးတန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းလျှောက်သင်္ကြန်ပြင်ဆင်ရေးလုပ်ငန်း၊ သင်္ကြန်ရေရရှိရေး စသည့်ကဏ္ဍအသီးသီးတို့ကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယိမ်းအကများကို ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့အသီးသီးမှ သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကာ ရေကစားသူပြည်သူများအနေဖြင့် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)