ငါး/ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ်

မြိတ် ဧပြီ ၁

ငါး/ပုစွန်သားပေါက်ပွားသည့် ရာသီချိန်၌ ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ (၁) ရက်မှစတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမဖမ်းရကာလ (၃) လ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်းရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

“ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရကာလ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်ရတဲ့ အဓိကအကြောင်းအရင်းက ငါးမျိုးပြုန်းတီးမှုကာကွယ်ဖို့၊ ငါးသယံဇာတများ တိုးပွားလာဖို့အတွက် ရည်ရွယ်ပြီးတော့ ငါးများပေါက်ပွားနိုင်တဲ့ ရာသီမှာ ထိန်းသိမ်းတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာက သုတေသနရလာဒ်တွေ အပေါ်မှာအခြေခံပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း ရေယာဉ်များအားလုံးကို ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများအတွင်း ဧပြီလ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်ထားရှိပြီး မတ် (၃၁) ရက် နောက်ဆုံးထားရှိ၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထားရှိသည်။

ငါးမဖမ်းရရာသီ ငါးမဖမ်းရကာလ စတင်သတ်မှတ်ချက်များကို ညွှန်ကြားချက် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်းအပေါ် ငါးဖမ်းလှေများအနေဖြင့် ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက စည်းကမ်းပျက်သည့် ငါးဖမ်းလှေများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းလှေများကို VMS ထိန်းချုပ်ရေးစင်တာမှ စောင့်ကြည့်လျက်ရှိရာ ယနေ့တွင် ပင်လယ်ပြင်၌ ငါးဖမ်းလှေများ မရှိသလောက် ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။

ငါးမဖမ်းရကာလ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်းသည် ငါးများပေါက်ပွားနိုင်သည့် ရာသီတွင် ငါးနှင့်သက်ရှိသယံဇာတများထိန်းသိမ်းနိုင်ရန် သုတေသနရလာဒ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တနင်္သာရီကမ်းရိုးတန်းပင်လယ်ရေပြင်၏ ငါးနှင့်ငါးနေထိုင်ကျက်စားသည့် ရေအောက်ဇီဝဗေဒအခြေအနေများနှင့် မြန်မာ့ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာတည်ရှိစေရန် သုတေသနပညာရှငများဖြင့် သုတေသနလုပ်ငန်းကို ဖေဖော်ဝါရီတွင် မီတာ (၂၀) အောက် တနင်္သာရီကမ်းရိုးတန်းရေပြင်၌ ရက်ပေါင်း (၃၀) ကြာ ငါးသယံဇာတ သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

တနင်္သာရီ ကမ်းရိုးတန်းရေပြင်တွင် မြိတ်ခရိုင်အခြေပြု ကမ်းဝေးငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းရေယာဉ် (၁၁၈၆) စီးရှိကာ ရေလုပ်သားဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ငါးသယံဇာတများကို ယခင်က မိရိုးဖလာ ဖမ်းဆီး ရောင်းချခြင်း စားသောက်ခြင်းများသာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ခေတ်စနစ်များ ပြောင်းလဲလာ၍ နည်းပညာများတိုးတက်လာကာ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငါးသယံဇာတများကို ခေတ်မီနည်းပညာများဖြင့်ဖမ်းဆီးကြကာ ပြည်တွင်း ပြည်ပတင်ပို့ရောင်းချခြင်း၊ ရေပေါ်ရေအောက် ငါးသယံဇာတများ မွေးမြူထုတ်လုပ်ခြင်း၊ အအေးခန်းစက်ရုံများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)