တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

မုံရွာ ဧပြီ ၁

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၅ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့်ဖြစ်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးအောင်မင်းကျော်သူနှင့် အတွင်းရေးမှူး ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးသိန်းသန်းစိုးအပါအဝင် အဖွဲ့ဝင်(၁၁)ဦး၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို တိုင်း‌ဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကျွန်းလှမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမြင့်တင်နှင့် အတွင်းရေးမှူး ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးရဲမိုးနိုင်အပါအဝင် အဖွဲ့ဝင်(၁၃)ဦး၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ဒေါ်ကြူကြူစိန်နှင့် အတွင်းရေးမှူး ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးအောင်လင်းဆန်းအပါအဝင် အဖွဲ့ဝင်(၉)ဦး၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် အရအသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် တန့်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးသော်နိုင်ဦးနှင့် အတွင်းရေးမှူး ခန္တီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမြတ်ကိုအပါအဝင် အဖွဲ့ဝင်(၁၃)ဦး၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို တိုင်း‌ဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

အဆိုပါ ကော်မတီ(၄)ရပ် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းကို လွှတ်တော်အကြီးအမှူး (၃၀-၃-၂၀၂၆) ရက်နေ့ ညနေ ၁၆း၀၀ နာရီ နောက်ဆုံးထားပေးပို့ရန် ကြေညာထားပြီးဖြစ်သော်လည်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ တင်ပြလာခြင်းမရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရဲ့အတည်ပြုချက်ရယူ၍ အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)