လွိုင်ကော် ဧပြီ ၁
(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့နံနက်ပိုင်းက အဆိုပါ အဆောက်အအုံသစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တရားရေးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ သယံဇာတ ရေးရာဝန်ကြီးနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က လွိုင်ကော်ခရိုင်၊ မြို့နယ်တရားရုံးသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်တရားရေးဌာနဦးစီးမှူးက ရုံးသစ်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပန်းပွားအကအဖွဲ့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ရုံးသစ်အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လွိုင်ကော်ခရိုင်၊ မြို့နယ်တရားရုံး သံကူကွန်ကရစ် တစ်ထပ်အဆောက်အအုံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေကျပ် ၄၇၀ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေမည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၏ လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ယိမ်းအကအဖွဲ့များအနေနှင့် မြန်မာ့ ရိုးရာမဟာသင်္ကြန်ကို ဖော်ကျူးနိုင်သည့် အကများ၊ မိမိတို့ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်စေသည့် ဝတ်စားဆင်ယင်မှုများ ဖြစ်ရန်လိုအပ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ကပြဖျော်ဖြေ ရခြင်းသည် မိမိတို့ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သဖြင့် ဂုဏ်ယူကြစေလိုကြောင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နည်းပြဆရာမများနှင့် ယိမ်းအကအဖွဲ့များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်က ၂၀၂၆ ခုနှစ်၊ မဟာ သင်္ကြန်ပွဲတော်ကျင်းပမည့် ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုနှင့် လမ်းလျှောက်သင်္ကြန် ကျင်းပမည့်နေရာ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်း တင်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်က မဟာသကင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန်၊ သကင်္ကြန်ရေလုံလောက်စွာရရှိရေးနှင့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)