မြို့လှ ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ရှိ တောင်သူများအနေဖြင့် သွင်းအားစုများ လျှော့ချပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေဆွေးပြုလုပ်နည်းများအသုံးပြုခြင်းဖြင့် မြေဆီလွှာ များကောင်းမွန်လာစေပြီး သီးနှံများသဘာဝအလျောက် ကြီးထွားနှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ မြို့လှမြို့၊စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ် နည်းများ လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဦးခင်မောင်သန်း၏ စိုက်ပျိုးရေးခြံ အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြ ဆောင်ရွက်ရာတွင် မြို့လှမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်အောင်နှင့်ဝန်ထမ်းများက သဘာဝမြေဆွေး ပြုလုပ်နည်းများဖြစ်သည့် အသင့်သုံးEM၊ ထန်းလျက်ရည် (သို့မဟုတ်) တင်လဲရည်၊ နွားချေးတို့ကို အသုံးပြုသည့် EM မြေဆွေး ပြုလုပ်နည်း၊ နွားချေး၊ စက်ဖွဲပြာ၊ စပါးခွံ (သို့မဟုတ်) လွှစာမှုန့်တို့ကို အခြေခံပြုလုပ်သည့် စူပါဘိုကာရှီမြေဆွေး ပြုလုပ်နည်းများကိုလည်းကောင်း၊ ငါးနုတ်နုတ်စင်း၊ EM အပြင်း၊ ထန်းလျက်ရည်(သို့မဟုတ်) တင်လဲရည်တို့ကို အသုံးပြုထားသည့် သဘာဝအပင်အားဆေးဖြစ်သည့် ငါးအမိုင်နိုအက်စစ်ပြု လုပ်နည်း၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆေးရွက်ကြီး (သို့မဟုတ်) တမာရွက် (သို့မဟုတ်) ဆင်တုံးမနွယ် တို့ဖြင့် ပြုလုပ်သည့် သဘာဝပိုးပြေးဆေး ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး တောင်သူများမှ သိလိုသည့် အချက်အလက်များကို ပြန်လည်ရှင်း ပြပေးခြင်းနှင့် သဘာဝမြေဆွေး ပြုလုပ်နည်းနှင့် သဘာဝပိုးပြေးဆေး၊ ပိုးသတ်ဆေးများ ပြုလုပ်နည်းများ အသုံးပြခြင်းဖြင့် တောင်သူများအနေဖြင့် သွင်းအားစုများလျော့ချနိင်ခြင်း၊ ကုန်ကျစရိတ် သက်သာ စေခြင်း၊ မြေဆီ လွှာများ ကောင်းမွန်လာစေပြီးအပင်များ အာဟာရပြည့်ဝစွာဖြင့် သန်မာကြီးထွားနှုန်း မြန်ဆန်စေခြင်းဖြင့် ဟင်းသီးဟင်းရွက်များအား ကျန်းမာရေးနှင့်ညီညွတ်စွာ ဘေးအန္တရာယ် ကင်းကင်းဖြင့် စားသုံးနိုင်မည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအောင်အောင်က ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ကျော်မင်းနိုင်(ပြန်/ဆက်၊ မြို့လှ)