ငါးသိုင်းချောင်းမြို့ ရွှေတောင်ကျောင်းတိုက်တွင်အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

ငါးသိုင်းချောင်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့မရပ်ကွက် ရွှေတောင်ကျောင်းတိုက် သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ စတင်ဖြေဆိုခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျှောက်ထားခဲ့သည်။ ယနေ့ကျင်းပရာစာမေးပွဲတွင် ဖြေဆိုမည့်အတန်းများသည် ပထမကြီးတန်း(၁)ပါး၊ ပထမလတ်တန်း(၂)ပါး၊ ပထမငယ်တန်း (၃)ပါးနှင့် အခြေပြုမူလတန်း(၃၁)ပါးတို့ဖြစ်ပြီး စာဖြေသံဃာ(၂၂)ပါး၊ သီလရှင် (၁၅)ပါး စုစုပေါင်း(၃၇)ပါးဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် မြို့သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ကြက်ခြေနီအဖွဲ့နှင့် အလှူရှင်တို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့်ဝေရာဝစ္စများနှင့်တကွ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကို ကြီးကြပ်ဆရာတော်(၁၆) ပါးတို့ဖြင့် ဦးဆောင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)