ဓနုဖြူ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲနှင့် သရုပ်ပြသခြင်းအခမ်းအနားကို မတ်လ ၃၀ ရက်နေ့ညနေပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်ကအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများက အားကစားနည်းအလိုက် အားကစားစွမ်းရည်များ ပြသခဲ့ကြသည်။ ထို့နောက် ပိုက်ကျော်ခြင်းသင်တန်းဆင်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယနှင့် တတိယ)ဆုရရှိသော အားကစားသမားများအား တက်ရောက်လာသော ဌာနတိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ (ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ဘက်စကတ်ဘော၊ အေရိုးဗစ်)စသည့် အားကစားနည်းများကို သင်ကြားပို့ချခြင်းဖြစ်ပြီး၊ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)