မုံရွာ မတ် ၃၁
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ် ၃၀ ရက်နေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၅ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့် ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ကပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးထံမှ ပေးပို့သည့်သဝဏ်လွှာအား လွှတ်တော်တွင် မှတ်တမ်းတင်ခြင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး
လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဘုတလင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ဦးအောင်မင်းကျော်သူ နှင့် အတွင်းရေးမှူး ဘုတလင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးသိန်းသန်းစိုး အပါအဝင် အဖွဲ့ဝင်(၁၁)ဦး၏ အမည်စာရင်းကိုတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကျွန်းလှမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးမြင့်တင် နှင့် အတွင်းရေးမှူး ရေဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးရဲမိုးနိုင် အပါအဝင် အဖွဲ့ဝင်(၁၃)ဦး၏ အမည်စာရင်းကိုတင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဒေါ်ကြူကြူစိန်နှင့် အတွင်းရေးမှူး ရေဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးအောင်လင်းဆန်း အပါအဝင် အဖွဲ့ဝင်(၉)ဦး၏ အမည်စာရင်းကိုတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အရအသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌကအရအသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ တန့်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးသော်နိုင်ဦး နှင့် အတွင်းရေးမှူး ခန္တီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးမြတ်ကို အပါအဝင် အဖွဲ့ဝင်(၁၃)ဦး၏ အမည်စာရင်းကိုတင်ပြခဲ့သည်။
အဆိုပါ ကော်မတီ (၄)ရပ် ဖွဲ့စည်းခြင်းနှင့်စပ်လျဥ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းကို လွှတ်တော်အကြီးအမှူးထံသို့ (၃၀-၃-၂၀၂၆)ရက်နေ့ ညနေ ၁၆ နာရီ နောက်ဆုံးထားပေးပို့ရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်၊
ဆက်လက်၍ တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို မတ်လ ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)