ဒေးဒရဲ မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် စာမေးပွဲမှတစ်ဆင့် သာသနာအာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုး သယ်ပိုးထမ်းရွက်သွားနိုင်စေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီးအား ယမန်နေ့နေ့လယ်(၁၂)နာရီက စတင်၍ မင်္ဂလာကံ ကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်ကြီးတွင် စတင်ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကြီးအား မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းများ၊ လူမှုရေးအသင်းများပူးပေါင်း၍ စာမေးကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဖြေဆိုပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး စာမေးပွဲကြီးအား ၂၀၂၆ ခုနှစ် မတ်လ(၂၉)ရက်မှစတင်၍ ဧပြီလ(၄)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲကြီးပထမနေ့တွင် အခြေပြုမူလတန်းအနေဖြင့် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီဘာသာရပ်အား သံဃာတော်၊ (၄၃)ပါး ပထမငယ်တန်းအနေဖြင့် ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒအား သံဃာတော် (၃၆)ပါး၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းအနေဖြင့် ဒွေမာတိကာ ဘာသာရပ်အား သံဃာတော် (၁၄)ပါး စုစုပေါင်းသံဃာတော် (၉၃)ပါး ဖြေဆိုတော်မူလျက်ရှိကြောင်းသိရပြီး အလှူရှင်များက စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား အလှူငွေနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေဇာလင်း