ညောင်လေးပင်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ညောင်လေးပင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉း၃၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်နှစ်ကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မပြုလုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာများ ကျွေးမွေးဧည့်ခံရေးနှင့် နေရာချထားရေးများကို စည်စည်ကားကား ထူးခြားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာဖြစ်မြောက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာရှိများသာမက တာဝန်ခွဲဝေချထားပေးသော ဝန်ထမ်းများကပါ တက်ညီလက်ညီ စည်းစည်းလုံးလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှသာလျှင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာဖြစ်မြောက်နိုင်ရေးအတွက် ဌာနဆိုင်ရာများမှ အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာကော်မတီများအလိုက် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာဖြစ်မြောက်နိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေပေးခဲ့ပြီး တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒိုက်ဦး၊ ရွှေကျင်၊ ကျောက်တံခါးနှင့် ပြွန်တန်ဆာတို့မှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)