လွိုင်ကော် မတ် ၃၁
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက “မင်္ဂလာရှိသောနေ့သစ်ဆီသို့” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသားလူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ မိမိအသက်အရွယ်နှင့် ကိုက်ညီသည့် ဝါသနာပါရာသင်တန်းများကို တက်ရောက်ပြီး မိမိတို့၏ အရည်အသွေးမြင့်မားအောင် ကြိုးစားနိုင်ကြစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးအတွက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ် နွေရာသီကျောင်းပိတ်ကာလတွင် မျိုးဆက်သစ်လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် ဂီတာတီးသင်တန်းများအပြင် အားကစားနည်း (၁၆) မျိုးကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သင်တန်းကာလပြီးဆုံးသွားသော်လည်း မိမိတို့ဝါသနာပါရာ အတတ်ပညာများကို ဆက်လက်လေ့လာသင်ယူပြီး မိမိအကျိုး၊ ပြည်နယ်အကျိုးနှင့် နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်သူများဖြစ်သည်အထိ ကြိုးစားသင်ယူကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများနှင့် အကြီးတန်းအဆင့် ယဉ်ကျေးလိမ္မာရေးဖြေသင်တန်း၊ အထက်တန်းအဆင့် အင်္ဂလိပ်စာသင်တန်း၊ အလယ်တန်းအောက်အဆင့် အင်္ဂလိပ်စာသင်တန်းနှင့် အကြီးတန်းအဆင့် ပန်းချီသင်တန်းမှ ပထမဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ပညာရေးမှူးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
ထို့နောက် အင်္ဂလိပ်စာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက “We are the world” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ မတ်လ ၂၉ရက်က စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုများကို ဖူးမြော်ကြည်ညိုကာ စာမေးပွဲကြီးကြပ်ဆရာတော်များထံ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)တို့ကဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ်လ ၂၉ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကန္ဒရဝတီဂေါက်ကွင်း၌ကျင်းပရာ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အတွင်းရေးမှူးနှင့် ကန္ဒရဝတီဂေါက်ကလပ် နာယကတို့က Smoke ball ရိုက်ဖွင့်လှစ်ပြီး ပြိုင်ပွဲဝင်ကစားသမား (၈၂)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၂၉ ရက်ညနေပိုင်းက လွိုင်ကော်မြို့ ကန္ဒရဝတီဂေါက်ကလပ်၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အကြီးတန်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရှိသူများအားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် ဂေါက်သီးရိုက်အားကစားသမားများအားလည်းကောင်း ဆုတံဆိပ်နှင့် ဆုပစ္စည်းများပေးအပ်သည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူးက လွိုင်ကော်မြို့၊ ကန္ဒရဝတီဂေါက်ကလပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေကိုပေးအပ်ရာ ဂေါက်ကလပ်ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)