ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

ပဲခူး မတ် ၃၁

ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်အဖြစ် ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

ယခုအခါ ပဲခူးမြို့ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်၌ ထည့်သွင်းပြုလုပ်မည့် ယိမ်းအကပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့များနှင့် ရပ်ကွက်နှင့် ကျေးရွာကိုယ်စားပြု ယိမ်းအဖွဲ့များက ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အား ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်းတစ်လျှောက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲများအနေဖြင့် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့(၇)ဖွဲ့၊ ရပ်ကွက်/ကျေးရွာကိုယ်စားပြု ယိမ်းအဖွဲ့(၁၂)ဖွဲ့၊ စုစုပေါင်းယိမ်းအဖွဲ့(၁၉)ဖွဲ့တို့ဖြင့် ယှဉ်ပြိုင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ရေကစားသူပြည်သူများအနေဖြင့် ပဲခူးမြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)