ရွှေဘို ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၁၁)ရွာကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နယ်မြေကွင်းဆင်း၍ ရွေးချယ်ခဲ့ကြပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀-၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ငွေ ကျပ်သိန်း(၁၀၀)နှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ကျေးရွာ၏ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ အဆောက်အဦးများ စသည့် ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် ဖွံ့ဖြိုးရေးစီမံချက်များကို ဒေသခံပြည်သူများ ကိုယ်တိုင် ရေးဆွဲလုပ်ကိုင်စေ၍ မိမိတို့ဌာနမှ နည်းပညာများကို ပံပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူထံက သိရသည်။
ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ(VDP)ဖြင့် အောင်ချမ်းသာ(တောင်)၊ ခွန်တောင်းကြီး၊ လိပ်ချင်း၊ ဝန်းစည်၊ ရေတော်မူ၊ ဘိုတဲကုန်း၊ တယ်ပင်(န)၊ ရေကြည်ဝ၊ နှမစားရစ်၊ ဆင်အင်း၊ မအူပင် စသည့် ကျေးရွာများတွင် ဖွံ့ဖြိုးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)