ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ ကြိုတင်လေ့ကျင့်လျက်ရှိ

ပန်းတောင်း မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအဖွဲ့များက ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို အ.ထ.က (ပန်းတောင်း) ကျောင်း စာကြည့်တိုက်အတွင်း၌ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းကာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်နိုင်သည့် သင်္ကြန်တေးသံသာများ၊ အကအလှများဖြင့် ကပြဖျော်ဖြေနိုင်ရန်အတွက် နေ့စဉ်နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအချိန်ထိ စနစ်တကျလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

​ပန်းတောင်းမြို့နယ်တွင် ယခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများနှင့်အတူ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)