သဲကုန်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန် စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဝင်ရောက်ဖြေဆိုသော ဆရာတော်/သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ ဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သဲကုန်းမြို့နယ် စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်ပထမကြီးတန်းတွင် (၁၀) ပါး၊ ပထမလတ်တန်းတွင် (၈)ပါး၊ ပထမငယ်တန်းတွင် (၁၆) ပါး၊ အခြေပြုမူလတန်းတွင် (၃၇) ပါး၊ စုစုပေါင်း (၇၂) ပါး ကြွရောက်ဖြေဆိုလျက်ရှိပြီး ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်မှ ဧပြီလ (၄) ရက်အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကျော်