ထီးချိုင့် ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)များ FIBER CABLE အင်တာနက် ဝိုင်ဖိုင်စနစ်တပ်ဆင်အသုံးပြုနိုင်ရေး FIBER To THE HOME အစီအစဉ်လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တယ်လီဖုန်းတိုင်စိုက်ထူခြင်း၊ ကြိုးလိုင်းများသွယ်တန်းခြင်း လုပ်ငန်းများ ပါဝင်သော ကြိုးအရှည်မီတာ နှစ်သောင်းကျော် သွယ်တန်းပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင် အသုံးပြုနိုင်သည့် ဖုန်းတိုင်များကို အသုံးပြုသည့်အပြင် တိုင်သစ်စိုက်ထူခြင်းများလည်း ပါဝင်ကြောင်းလည်း သိရသည်။
"လုပ်ငန်းများပြီးစီးသွားရင် ဝိုင်ဖိုင်စနစ်သုံး FIBER CABLE အင်တာနက်စတင်မှာပါ၊ အကန့်အသတ်မဲ့သုံး ဒုံးပျံအိမ်သုံး ဝိုင်ဖိုင်အင်တာနက်စနစ်ဖြစ်ပါတယ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁၅) ရက်နေ့တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသော ကြိုးဖုန်းနံပါတ် (၀၇၅-၆၀xxx) အစား (၀၇၅-၂၀၆၀xxx)အဖြစ် အသစ်ပြောင်းလဲသုံးစွဲခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်းကို ထီးချိုင့်မြို့ မြန်မာ့ဆက်သွယ်ရေးတာဝန်ခံ ဦးအေးကျော်ထံမှ သိရသည်။
တိုင်များစိုက်ထူခြင်း၊ ကြိုးများသွယ်တန်းခြင်းစသည့်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးသွားပါက ထီးချိုင့်မြို့ပေါ်မှ နေအိမ်များ၊ ရုံးများ၊ ကျောင်းများတွင်ရှိသော အော်တို တယ်လီဖုန်းများသည် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်သုံးစွဲနိုင်ရေး တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း ( ထီးချိုင့် )