ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေး

ဇီးကုန်း မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လင်းသူက အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ဇီးကုန်းမြို့ပေါ်တွင် ဗဟိုမဏ္ဍပ်တစ်ခုဆောက်လုပ်ပြီး သင်္ကြန် အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့များတွင် ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေနိုင်ရေး၊ စတုဒီသာကျွေးမွေးနိုင်ရေး၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ကုသိုလ်ကောင်းမှုများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ တက်ရောက်လာသည့် တာဝန်ရှိသူများက ဝိုင်းဝန်းပေါင်းစပ်ပေးကြရန် ပြောကြားသည်။

 ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်နိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်တို့က ဗဟိုမဏ္ဍပ်တည်ဆောက်မည့်နေရာနှင့် လမ်းလျှောက်သင်္ကြန် ကျင်းပမည့်နေရာ၊ တည်ဆောက်ရေးအတွက် လိုအပ်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)