ကြံခင်း မတ် ၃၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ(ဒုတိယ)နေအား မတ် ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွှေညောင်ပင်ကျောင်းတိုက်အတွင်းရှိ ပညာဆီမီးဓမ္မရုံတော်၌ ကျင်းပလျက်ရှိသည်။
ရှေးဦးစွာ ပါဠိပထမပြန်စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်အရှင်သူမြတ်တို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ ဗိုလ်မှူးသောင်းထွဋ်လွင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆွမ်းဘောဇဉ်အချို အဟာရများဖြင့် ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ကျင်းပရာ ကစ္စည်းသဒ္ဒါကြီးဘာသာအား အခြေပြုမူလတန်း (၁၁)ပါး၊ ပထမငယ်တန်း (၈)ပါး၊ ပထမလတ်တန်း (၅)ပါးနှင့် ပထမကြီးတန်း (၃)ပါး၊ စုစုပေါင်း(၂၇)ပါးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ မြို့နယ်သံဃနာယကဆရာတော်ကြီးနှင့် ကြီးကြပ်ဆရာတော်ကြီးများနှင့် ကြီးကြပ်အဖွဲ့ဝင်များက စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ထံမှသိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)