ငဖဲ မတ် ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၄၆၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်၍ လက်ဝဲမြောင်းမကြီးမှ ၁၀၇၁ ဧကနှင့် လက်ယာမြောင်းမကြီးမှ ၂၀၀ ဧက စုစုပေါင်း ၁၂၇၁ ဧကလျာထားစိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများသို့ နွေစပါးများစိုက်ပျိုးရန် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီးစီးသည့် စပါးမျိုးများမှာ အောင်နိုင်တိုး ၅၈ ဧက၊ မနောသုခ ၂၆ ဧက၊ ရတနာတိုး ၅၁ ဧက နှင့် ဆင်းသုခ ၃၂၉ ဧက စုစုပေါင်း ၄၆၄ ဧက လျာထားစိုက်ပျိုးပြီးစီးပြီး လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိသည်။
ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာသန်စွမ်းသော စပါးပင်များရရှိရန်အတွက် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေညှိခြင်း၊ ရေသွင်းရေထုတ်မကြာခဏပြုလုပ်ခြင်း၊ ဘက်စုံမျှတသော ဓာတ်မြေဩဇာအသုံးပြုနည်း ကျင့်သုံးခြင်းနှင့် မိမိစပါးခင်းကို ပုံမှန်ကွင်းဆင်းစစ်ဆေးကြရန် စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့်ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)