ထားဝယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

ထားဝယ် မတ် ၃၁

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

ထားဝယ်မြို့တွင် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည့် သင်္ကြန်ပွဲများ ထက်ထူးခြားလေးနက်သည့် အတာသင်္ကြန်ပွဲကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (ဗဟို) သင်္ကြန်မဏ္ဍပ်ကို အာဇာနည် လမ်း၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နှင့် မြို့တော်ခန်းမ(၂)ရှေ့မှာ ထားရှိမှာဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်ကို မြို့တော်ခန်းမ(၁)ရှေ့ကနေ ထားဝယ်ဒေသ၏ အမှတ် အမှတ်သင်္ကေတ ဖြစ်သည့် “ဥ‌ဩအော်သည်ထားဝယ်တည်” သင်္ကေတအထိ (တိုင်းဒေသကြီးအားကစားကွင်းရှေ့အထိ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ရပ်ကွက်များတွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များကို တည်ဆောက်လျက်ရှိကြောင်း၊ စတုဒိသာမဏ္ဍပ်များကို နှစ်စဉ်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်တွင် ထူးထူးခြားခြား သနပ်ခါးသင်္ကြန်မဏ္ဍပ်၊ တိုင်းရင်းသားမဏ္ဍပ်အပါအဝင် ထားဝယ်သံချပ်များကိုလည်း ထည့်သွင်းဆင်နွှဲသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်ရပြီး သရုပ်ပျက်ယဉ်ကျေးမှု မပါရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့စိတ်လက်ပေါ့ပါးစွာ ပျော်ရွှင်မှုများဖြင့် ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊  ခရိုင်အတွင်း စက်သုံးဆီကိုအနည်းဆုံး ခြိုးခြံချွေတာနိုင်ရေးကို အလေးနက်ထားပြီး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ထားဝယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးကောင်းညွန့်ထံမှ သိရသည်။

ထားဝယ်မြိုအနေဖြင့် လမ်းလျှောက်သင်္ကြန် အပါအဝင် ဗဟိုမဏ္ဍပ်နှင့် အခြားသောမဏ္ဍပ်များ၊ ရပ်ကွက်ရေကစား မဏ္ဍပ်များအပါအဝင် ရေမပြတ်အောင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊  ဌာနဆိုင်ရာ ယိမ်းအဖွဲ့များက သက်ဆိုင်ရာ ရပ်ကွက်/ဌာနများ၌ အဖွဲ့အလိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်ထားရှိသည့်အပြင် နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများ နှင့် ထားဝယ်မြို့၏ ထောင့်လေးထောင့်တွင်လည်း အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးကြည်စိုးထံမှ သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)