ထားဝယ် မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် Young- Fc အသင်းနှင့် အရှေ့တော Fc အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းဇော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ (Young- Fc) အသင်းက (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်နိုင်က ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် (Young- Fc) အသင်းမှ မောင်ဖြိုးအာကာအား ဆုချီးမြှင့်ကာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက အလယ်တန်းအကောင်းဆုံးဆုရရှိသည့် (Young- Fc)အသင်းမှ မောင်ရဲထွန်းနိုင်နှင့် နောက်တန်းအကောင်းဆုံးဆု ရရှိသည့် အရှေ့တော Fc အသင်းမှ စောအယ်ထူးအား ဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဂိုးသမားအကောင်းဆုံးဆု ရရှိသည့် (Young-Fc) အသင်းမှ မောင်ဇွဲမြတ်အောင်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသည့် အရှေ့တော Fc အသင်း မှ မောင်ကောင်းထက်ဇော်အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဒုတိယဆုရရှိသည့် အရှေ့တောင် Fc အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ပထမဆုရရှိသည့် Young- Fc အားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့် ပထမဆုရရှိသည့် Young-Fc အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)