လက်ပံတန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်း စာစောင်များအား ပြည်သူ့လက်ဝယ်အရောက်ဖြန့်ဝေ

လက်ပံတန်း သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် ပထမအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေငြာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်း များ ဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင် စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိ ပညာပေးပိုစတာများနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့မစျေးနှင့် လူစည်ကားရာနေရာတို့တွင် ပြည်သူများ၏ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များတွင် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇)ရက်အတွင်း မိမိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သင့်အမည် ပါ/မပါ၊ မဲပေးနိုင်ဖို့အတွက် သင့်အမည်ဟာ မဲဆန္ဒရှင် စာရင်းတွင် ပါဝင်ရမယ်၊ အမည်စာရင်းမပါပါက ပုံစံ(၃)ကိုဖြည့်စွက်၍ လည်းကောင်း၊ ကိုယ်ရေးအချက်အလက်များ မဲဆန္ဒရှင်စာရင်းတွင် မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူ ပါဝင်နေ ပါက ပုံစံ (၄)ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် လျှောက်ထားရပါမယ် စသော အချက်များ ပါဝင်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော ပိုစတာနှင့် လက်ကမ်းစာစောင်များကို လက်ပံတန်း မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ (၅၃)အုပ်စုတို့တွင် ကပ်ပြထား ရှိနိုင်ရန် နှင့် ဖြန့်ဝေနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများထံသို့ ဇူလိုင်လ(၂၆)ရက်နေ့မှစ၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရ သည်။

ဝင့်နန္ဒာဌေး