ပြည်မြို့၌ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့်ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပြည် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်‌ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ထိုသို့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့အလယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်အနီး လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပမည့်ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် နဝင်းရပ်ကွက် ဆင်စုရပ်ကွက်၊ ကျောင်းကြီးအိုးတန်း၊ ခေတ္တရာနှင့် ရွာဘဲရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်/ ဌာနများ၌ အဖွဲ့အလိုက်ယိမ်းအကတိုက်ခြင်းများဆောင်ရွက်လျက်ရှိကာ လမ်းလျှောက်သင်္ကြန်ကို ဗဟိုမဏ္ဍပ်မှညဈေးတန်း (အဟောင်း) လမ်းအတိုင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ပြည်မြို့၏ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒီသာဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ရေကစားသူပြည်သူများအနေဖြင့် ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)