ကျောက်တံခါး မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာကျော်က အမှာစကားပြောကြားရာ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှာလည်း တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သင်တန်းတစ်ခုချင်းအလိုက် သရုပ်ပြကစားကြသည်။
သင်တန်းများတွင် အလေးမ၊ အေရိုးဗစ်နှင့် Fitness Dance ၊ ဘောလုံးအားကစားနည်းများကို သက်ဆိုင်ရာနည်းပြများက လက်တွေ့လေ့ကျင့်သင်ကြားပို့ချခဲ့ပြီး သင်တန်းသားအားကစားသမားများအား မြို့နယ်အားကစားမှူးနှင့် ဌာနဆိုင်ရာ တာဝန်ခံများက သင်တန်းဆက်းလက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းကာလမှာ မတ်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ (၁၅၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)