ဘားအံ မတ် ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဘောလုံးအသင်း(၇)သင်း အားကစားသမားပေါင်း ၁၂၆ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်ဘောလုံးအသင်းနှင့်လှိုင်းဘွဲမြို့နယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်မိနစ် ၉၀ အတွင်း တစ်ဖက် ၂ ဂိုးစီဖြင့်သရေရလဒ် ထွက်ပေါ်နေပြီး အချိန်ပိုတွင်ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းက ၄ ဂိုး -၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အကောင်းဆုံးအားကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးအားကစား သမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသော ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် ဖာပွန်မြို့နယ်ဘောလုံးအသင်း၊ ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်ဘောလုံးအသင်း၊ အနိုင်ရဗိုလ်စွဲသွားသော လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
အလားတူ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဟိန္ဒူဘာသာဝင်များ၏ စရီဂျေယမူးသူးမာရီယမ္မာန်မယ်တော်ကြီး ဘုရားကျောင်း၌ အရပ္ပါးဆွာမိ(၄၈)ရက်ဥပုဿ်၊ ပဒီးပူးကျဲ ပူဇော်ပွဲကို မတ် ၃၀ ရက် နံနက် ၈ နာရီက အဆိုပါ ဘုရားကျောင်း၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး စရီဂျေယမူသူးမာရီယမ္မာန်မယ်တော်ကြီး ဘုရားကျောင်း၏ ဂေါပကအဖွဲ့က ဆီမီးထွန်း၊ ပန်းကုံးစွပ်၊ ပုဝါခြုံပေး၍ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)