ပခုက္ကူ မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သော နွေရာသီအားကစားနည်းများ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များနှင့် နွေရာသီအားကစားနည်းများအလိုက် သင်တန်းသား သင်တန်းသူများရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နွေရာသီအားကစားနည်းသင်တန်းသား သင်တန်းသူများက ဝူရှူး၊ ကရာတေး၊ ဘောလုံး၊ Fitness Dance များဖြင့် သရုပ်ပြဖျော်ဖြေကြပြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၃၃၀)ဦး တက်ရောက်ခဲ့ပြီး ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကြက်တောင်၊ Ground တင်းနစ်၊ Table တင်းနစ် စသည့် အားကစားနည်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ၃ရက်မှ ၂၉ ရက်နေ့အထိ စနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)