ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြုဝတ္ထုငွေ လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြုဝတ္ထုငွေ လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို မတ် ၂၉ ရက်နေ့နံနက်ပိုင်းက မဟာသိရီမင်္ဂလာရာမကျောင်းတိုက်၊ ဘာသန္တရတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က သာသနာတော်ဆိုင်ရာ ကိစ္စများ လျှောက်ထားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် (၁၉)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဝတ္ထုငွေများ ဆက်ကပ်ခြင်းနှင့် ဆွမ်း၊ အချိုရည်ဆက်ကပ်သူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး ကြွရောက်လာသော သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ အနုမောဒနာတရားများ ဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)