နတ်မောက် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် One State One Township Project အရတိုင်းဒေသကြီးအစိုးရရန်ပုံငွေနှင့် အလှူရှင်များ၏လှူဒါန်းငွေဖြင့် မီးသင်္ဂြိုလ်စက်အားစတင်အသုံးပြုရန်နှင့် One State One Township Project အရရန်ပုံငွေ(၁)ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်တင်လင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်အတွင်း ဆောင်ရွက်ထားသည့်လုပ်ငန်းများကို စစ်ဆေးရာတွင် ကောင်းမွန်ကြောင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ဝင်းက မြို့မိ မြို့ဖများ၏ အကူအညီဖြင့် မီးသင်္ဂြိုလ်စက်၊ ဇရပ်၊ အရိပ်ရအပင်စသည့်လုပ် ငန်းများဆောင်ရွက်နိုင်မှုကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးက မီးသင်္ဂြိုလ်စက်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကော်မတီ ဖွဲ့စည်းပေးနိုင်ရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်းက တင်ပြလာသည့်လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် One State One Township Project အရ ရန်ပုံ ငွေ(၁)ဘီလီယံဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိရေး ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက One State One Township Project တွင်လမ်း၊ တံတား၊ ရေမြောင်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းခြင်းနှင့် လျာထားမှုများဖြစ်သည့်မြို့၏ မီးဘေးလုံခြုံရေးအတွက် အုတ်ရေကန် တည်ဆောက်ခြင်း၊ မြို့ပေါ်ရပ်ကွက် အတွင်းရှိ မြေသားလမ်းခင်းခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှုများကို ဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသူများက တင်ပြဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)