မြိတ် မတ် ၃၀
၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် မတ်လ(၂၃)ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို (၉)ရက်တိုင်တိုင်နှင့် ပါဠိပထမပြန်စာမေးပွဲကို (၇) ရက်တိုင်တိုင် ကျင်းပလျက်ရှိရာ မြိတ်စာဖြေဌာနကို မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ယမန်နေ့မွန်းလွဲပိုင်း၌ ပါဠိပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိသည်။
ပါဠိပထမပြန်စာမေးပွဲ၌ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းစာမေးပွဲများကို နေ့ရက်အလိုက် ဘာသာ ရပ်စာမေးပွဲများကျင်းပရာ သံဃာတော်(၂၁၇)ပါး၊ သီလရှင်(၅၄)ပါးနှင့် လူပုဂ္ဂိုလ် (၂)ဦးဝင် ရောက်ဖြေဆိုခဲ့ကြသည်။ အခြေပြုမူလတန်းတွင် (၁၂၁) ပါး၊ ပထမငယ်တန်းတွင်(၈၅)ပါး၊ ပထမလတ်တန်းတွင် (၅၅)ပါး၊ ပထမကြီးတန်းတွင်(၁၂)ပါး ဖြေဆိုကြကြောင်းသာသနာရေးဦးစီး ဌာနမှ သိရသည်။
အစိုးရဓမ္မာစရိယစာမေးပွဲကို မြိတ်စာဖြေဌာနတွင် သံဃာတော်နှင့် သီလရှင်(၂၀)ပါးမှ ဓမ္မာစရိယ ကျမ်းရင်း(၃)ကျမ်းနှင့် မြန်မာဂုဏ်ထူး (၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး (၃)ကျမ်း စာမေးပွဲကို ဖြေဆိုရမည့်နေ့ရက်များအလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို ဩဝါဒစရိယဆရာတော် (၉)ပါး၊ အထူးကြီးကြပ်ရေးဆရာတော် (၆)ပါးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့တွင် ဆရာတော်(၃၀) ပါး၊ ခရိုင်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိ အဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာတို့ကို မတ်လ(၂၃)ရက်မှ မတ်လ (၂၈)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃) ကျမ်းကို မတ်လ(၂၉)ရက်မှ(၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၉)ရက်မှ ဧပြီလ(၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းစာမေးပွဲများကို နေ့ရက်အလိုက် ဘာသာ ရပ်စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)