မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဗောဓိတထောင်ဒေသ အထူးစိမ်းစိုပြည်ရေး စီမံကိန်းအား (၅)နှစ်ကြာ လုပ်ဆောင်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ သိရသည်။
၎င်းစီမံကိန်းသည် ဧက(၂၀၀)ဝန်းကျင်ခန့်တွင် ပျိုးပင်ပေါင်း(၁၃၄,၀၀၀)ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်း(၆၄၀) အကုန်အကျခံ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ စီမံကိန်းပထမနှစ်ပြီးစီးခဲ့သဖြင့် လုပ်ငန်းအားလုံး၏ ပြီးစီးမှုသည် (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
“ဗောဓိတထောင်ဒေသက အပူပိုင်းဒေသဖြစ်တဲ့အပြင် မြေဆီမြေနှစ်လည်းကြဲပါးတဲ့အတွက် အပင်ကြီး ထွားနှုန်းမြန်တဲ့ ပဲချယ်ရီပင်တွေကိုလည်း ထည့်သွင်းစိုက်ပျိုးပါတယ်၊ ဒေသခံမျိုးအနေနဲ့ ရှား၊ကုက္ကိုလ်၊ တမာအပါအဝင် အမျိုးအစား(၁၁)မျိုးကိုထည့်သွင်း စိုက်ပျိုးထားပါတယ်၊ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ဟိုက်ဗရစ်ဂေးရှား အပင်(၅၀၀)ကိုလည်း စမ်းသပ်ထည့်သွင်း စိုက်ပျိုးထားပါတယ်၊ စီမံကိန်း ပထမနှစ်လုပ်ငန်း အားလုံးပြီးစီးသွားပါပြီ ပထမနှစ်မှာလုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ပြီးစီးမှုအနေနဲ့(၂၅) ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ပါတယ်၊ ပြည်သူတွေရဲ့ပြောကြားချက်အရ အရင်ကဆိုပျဉ်းကတိုးတော အင်ကြင်းတောကြီး ဖြစ်တယ်လို့သိရတယ်၊ လူဦးများလာပြီး ထုတ်ယူသုံးစွဲမှု များလာတဲ့အခါ တောတွေပြုန်းပြီး ပတ်ဝန်းကျင်ကို ထိခိုက်လာတဲ့အတွက် နိုင်ငံတော်ရဲ့အစီအမံအရ ဗောဓိတထောင်ဒေသပြန်လည် စိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်တွေကို ပြန်လည်စိုက်ပျိုးပေးခြင်း ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ပြောသည်။
ဗောဓိတထောင်ဒေသ အထူးစိမ်းစိုပြည်ရေးစီမံကိန်း ပြီးစီးပါက ဒေသဝန်းကျင်ရှိ ရေအရင်း အမြစ်များ ယခုထက်ပိုပြီး ကောင်းလာမည်ဖြစ်သည့်အပြင် ဒေသပြန်လည် စိမ်းလန်း လာခြင်း၊ ရာသီဥတုများပြန်လည် ကောင်းမွန်လာကာ ဒေသရှိပြည်သူများ သစ်ထင်းလောင်စာတွေကို စနစ်တကျနဲ့ ထုတ်ယူသုံးစွဲနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)