ကြို့ပင်ကောက် မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်ဆင်နွဲရန် ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်ပြည်ကားလမ်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ ဧည့်ခံကြိုဆိုရေးမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိပြီး လမ်းလျောက်သင်္ကြန်အတွက် မင်းရဲကျော်စွာလမ်းတွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ယိမ်းအဖွဲ့ ၆ ဖွဲ့၊ ခေတ်ပေါ်တေးဂီတအဖွဲ့တီးဝိုင်းများ၊ နေ့စဉ်စတုဒီသာကျွေးမွေးရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်/ ဌာနများ၌ အဖွဲ့အလိုက်ယိမ်းအကတိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် ကြို့ပင်ကောက်မြို့ဗဟိုမဏ္ဍပ်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)