ကော့သောင်း မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေတောင်ကုန်းဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက်ပိုင်းက ရွှေပြည်သာရပ်ကွက်၊ရွှေတောင်ကုန်းသာသနာ့ရိပ်သာကျောင်း၌ ကျင်းပသည်။
ဂုဏဝိသိဋ္ဌပူဇာ သဘင်အခမ်းအနားတွင် ဧည့်ပရိသတ်များက ရွှေပြည်သာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ ဩဝါဒကထာနာယူကြပြီး သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေတောင်ကုန်းသာသနာ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုမန၏ ထေရုပ္ပတ္တိကထာအကျဉ်းအား အေးချမ်းသာကျေးရွာ၊ သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော်က ဖတ်ကြားလျှောက်ထားသည်။ ယင်းနောက် တေးသံရှင်မာမာစိန်က ထုတိဩဘာမင်္ဂလာရတုပိုဒ်စုံဖြင့် ပူဇော်၍ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အား ပြန်ကြားပူဇော်ခဲ့သည်။ ယင်းနောက် ဂုဏပူဇာထောပနာဂါထာဖြင့် မြို့နယ်သံဃနာယက(ရွှေကျင်)ဥက္ကဋ္ဌ ရွှေပါရမီကျောင်းတိုက်ဆရာတော်မှ ချီးကျူးဂုဏ်ပြုပူဇော်ပြီး ဘွဲ့ရဆရာတော်နှင့် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မတည်အလှူရှင်များအား အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပြီး လောင်းလုံမြို့နယ်၊တီဇစ်ရွာအထက်ကျောင်း၊ သာသနာဓဇအစိုးရဓမ္မစရိယ၊ ပရိယတ္တိသာသနာပါလဓမ္မာစရိယ ဘဒ္ဒန္တ ကောသလ္လ (ဂန္ထဝါစကပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)