ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ ဟူနောင်ကျေးရွာ၊ ရတနာသိဒ္ဓိကျောင်းတိုက်အတွင်း ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

ဟုမ္မလင်း မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ ဟူနောင်ကျေးရွာ၊ ရတနာသိန္ဓိကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ တပည့်အရှင်နန္ဒိယသည် အစိုးရသာသနဓဇ ဓမ္မာစရိယဘွဲ့နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်းတက္ကသိုလ်မှ Master of Arts international English program (M.A.English) ဘွဲ့ကိုရရှိခဲ့ရာ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မတ် ၂၈ ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်တွင် ဟူနောင်ကျေးရွာ ရတနာသိဒ္ဓိကျောင်းတိုက်ရှေ့ ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် အခမ်းအနားတက်ရောက်လာသူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဟူနောင်ရွာရတနာသိဒ္ဓိကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တ စန္ဒိမာဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ကြပြီးပရိတ်တရားတော်များ နာယူခဲ့ကြ၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ဘဒ္ဒန္တ စန္ဒိမာဥတ္တရာ ရာမကျောင်း ကောယားရွာဆရာတော်မှ အရှင်နန္ဒိယ၏ အတ္ထုပ္ပတ္တိ(အကျဥ်း)ကို ဖတ်ကြားခဲ့၍ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တ ဉာဏိက(မြို့/သြ)ဆရာတော်က သြဝါဒချီးမြှင့်မြွက်ကြားပြီး ဟုမ္မလင်းမြို့နယ် နောင်တောကျေးရွာ ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသက ဂုဏ်ပြုဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကာ၊ မြို့နယ်သာသနာရေးမှူးက သာသနာရေးဆိုင်ရာ ဝမ်းမြောက်ကြောင်းစကား လျှောက်ထားခဲ့သည်။

ဆက်လက်၍ ဂုဏ်ပြုပူဇော်ခံဆရာတော်အား ဂုဏ်ပြုလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ တိပိဋကမင်္ဂလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇဋိလ (နိုင်ငံတော်သံဃာဝန်‌ဆောင်)က  ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရား ချီးမြှင့်၍ ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ဆရာတော်သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။   

အဆိုပါအခမ်းအနားသို ပင့်သံဃာဆရာတော်အရှင်သူမြတ် (၅၂ပါးနှင့် စေတနာရှင်အလှူရှင်များ ဟူနောင်ကျေးရွာနေ စေတနာရှင်အလှူရှင်များ တက်ရောက်ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)