ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ငပုတော   ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက်ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့ ညနေ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့က အမှာစကားများပြောကြားပြီး ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းစဉ်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက်သင်တန်းသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ အကြီးအကဲများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းသိရသည်။

အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ငပုတောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရက်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှာ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းပြီးဆုံး မည်ဖြစ်သောကြောင့် အုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများသို့ သွားရောက်၍ အိမ်ထောင်စု ကိုယ်စားလှယ် များအား ဖိတ်ကြားတွေ့ဆုံကာ အများကြည်ညိုလေးစားပြီး ဩဇာတိက္ကမ ရှိသူ ကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်လိုသူများအား စိစစ်ရွေးချယ်နိုင်ရေးအတွက်  ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)