ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ‌တော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းဆင်နွှဲသွားမည်

ပုသိမ် မတ် ၂၉

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်မြို့၏ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပရေးအတွက် နှစ်စဉ်ကျင်းပလာသည့် အတာသင်္ကြန်ပွဲများထက် ထူးခြားလေးနက်သည့် အတာသင်္ကြန်ပွဲအား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး (ဗဟို) သင်္ကြန်မဏ္ဍပ်အား ပုသိမ်မြို့ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်တွင် အလျား ပေ ၂၀၀၊ အနံ ၆၀‌ ပေဖြင့် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များအား ပူးတွဲပြီးတည်ဆောက်လျက်ရှိကြောင်း၊ အလားတူ အဆိုပါကမ်းနားလမ်းတွင် လမ်းလျှောက်သင်္ကြန်အား ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စတုဒိသာမဏ္ဍပ်များအား နှစ်စဉ်ကဲ့သို့ ဆောင်ရွက်မှာဖြစ်ပြီး ယခုနှစ်တွင် ထူးထူးခြားခြား သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းပြီး ဆင်နွှဲသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မဏ္ဍပ်ပြင်ဆင်မှုများကိုလည်း မြန်မာ့ရိုးရာအတာသင်္ကြန်၏ ပုံရိပ်နှင့်အညီ တည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ဧရာဝတီတိုင်းဒေသကြီး၏ အမှတ်သင်္ကေတဖြစ်သည့် ပုသိမ်ထီးအား မဏ္ဍပ်ပြင်ဆင်မှုများတွင် ပိုမိုပြောင်မြောက်စေရန် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအနေဖြင့် လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်နှင့် အခြားသောမဏ္ဍပ်များအား ပုသိမ်မြို့ကမ်းနားလမ်းတွင် တစ်စုတစ်စည်းတည်းကျင်းပရာ ဆိုလာရေရရှိရေးစနစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်မီးအသုံးပြု၍ စက်သုံးဆီသုံးစွဲရေးအား အနည်းဆုံး ချွေတာနိုင်ရေးစီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြားလေးနက်စွာ၊ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရးအတွက် စီစဉ်ဆောင်ရွက်ထားသည့်အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများအား စီစဉ်ဆောင်ရွက်ထားကြောင်း” ဗဟိုမဏ္ဍပ်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။

‌တိုင်းဒေသကြီး (ပြန်/ဆက်)